မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူကို ကျပ်သိန်း ၁၀၀၀ ကျော် ခိုးယူမှုဖြင့်အမှုဖွင့်

မြန်မာ့စီးပွားရေးဘဏ်မှဒုတိယကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူသည် ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို လက်မှတ်တုဖြင့်ခိုးထုတ်ယူထွက်ပြေးသည်ဆိုကာ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတစ်ဦးကခိုးယူထွက်ပြေးမှုကြောင့်အရေးယူပေးပါရန် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်မန်ဂျာဒေါ်လှလှထွေးမှတရားလိုပြုလုပ်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

Image result for မြန်မာ့စီးပွားရေးဘဏ် အင်းစိန်

“မနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)မှာ တိုင်ကြားလာတာကြောင့်အမှုဖွင့်ထားလိုက်ပြီ။ ဖမ်းဆီးရမိခြင်းကတော့ မရှိသေးဘူးစုံစမ်းရှာဖွေနေပါတယ်။ တိုင်ကြားခံရသူကဘဏ်ဒုကြီးကြပ်ရေးမှူး ဦးတင်ဝင်း၊ အသက် ၆၀ ကျော်ပါ။ သတင်းရရှိတယ်ဆိုရင်လည်းအကြောင်းကြားဆက်သွယ်ပေးကြပါ” ဟုအင်းစိန်မြို့မရဲစခန်း၌ တာဝန်ကျရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေရယူထားသောလှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၌နေထိုင်ကြသည့် ဦးမြင့် (၇၀နှစ်)၊ ဦးထက်ဝေယံ (၃၂နှစ်)၊ ဒေါ်ဆွေဆွေသက် (၃၃နှစ်)တို့နှင့် အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်နေထိုင်သူဦးသက်တင် (၇၄နှစ်)၊ ဒေါ်ခင်ပို့ (၇၁နှစ်)တို့၏ ငွေသွင်း/ငွေထုတ် စာရင်းများကို ပြန်လည်စစ်ဆေးပေးရန်လျှောက်ထားခဲ့ရာမှစစ်ဆေးရာတွင် စုစုပေါင်းငွေကျပ် (၁၁၇၅၀၀၀၀၀) တစ်ထောင့်တစ်ရာခုနှစ်ဆယ်ငါးသိန်းကွာဟနေကြောင်းပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Image result for မြန်မာ့စီးပွားရေးဘဏ် အင်းစိန်

ဆက်လက်စစ်ဆေးချက်အရအခင်းဖြစ်ဘဏ်၌ လက်ရှိဒုကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးတင်ဝင်း (၆၀နှစ်)၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်နေသူကစာရင်းပိုင်ရှင်များ၏ လက်မှတ်တုများ ရေးထိုး၍ ခိုးထုတ်သွားခြင်းဖြစ်ကြောင်းတိုင်ကြားချက်အရသိရသဖြင့် (ပ)၃၃၄/၂၀၂၀၊ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ- ၄၀၉ဖြင့် အင်းစိန်မြို့မရဲစခန်းကအမှုဖွင့်၍ ဖမ်းဆီးရေးဆောင်ရွက်နေကြောင်းသိရသည်။

အကုန်သိ

Be the first to comment

Leave a Reply

Your email address will not be published.


*