နောက်ကွယ်ကနေ အစားထိုးသရုပ်ဆောင်ပေးနေတဲ့သူကို ပရိသတ်သိအောင် ချပြလိုက်တဲ့ ပိုင်တံခွန်

မော်ဒယ်လ်သရုပ်ဆောင်မင်းသားချောပိုင်တံခွန်ကတော့ ယောက်ျားပီသတဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် မြန်မာမိန်းကလေးတွေကြားမှာသာမက ထိုင်းနိုင်ငံကမိန်းကလေးတွေကြားမှာပါ ရေပန်းစားနေသူတစ်ယောက်ပါ။မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေပြီလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ကြော်ငြာတွေလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီး မကြာသေးခင်ကမှ ရွှေကစ်လေးအတူ အိပ်မက်မြစ်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။ဒါ့အပြင် နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရွှေဖူးစာရုပ်ရှင်ကိုလည်း ကောင်းမြတ်စံ၊ဖွေးဖွေး၊ယွန်းဝတီလွင်မိုးတို့နဲ့အတူ ရိုက်ကူးနေပါသေးတယ်။

အနုပညာအလုပ်တွေစိပ်နေတဲ့ ပိုင်တံခွန်ကတော့ လတ်တလောမှာလည်း မန္တလေးမှာကြော်ငြာရိုက်ကူးရေးတစ်ခုပြုလုပ်နေရင်း သူအတွက်ခက်ခဲတဲ့အခန်းတွေမှာ ကိုယ်စားသရုပ်ဆောင်ပေးတဲ့ညီလေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ “အခုရိုက်နေတဲ့ ကြော်ငြာမှာကျွန်တော်အဆင်မပြေတဲ့ တချို့ဇာတ်ဝင်ခန်းတွေကို နောက်ကွယ်ကနေ ကျွန်တော့်ကိုယ်စားသရုပ်ဆောင်ပေးခဲ့တဲ့ညီလေး” ဆိုပြီး သူတို့နှစ်ယောက်ရဲ့ပုံရိပ်တချို့ကို မျှဝေပေးခဲ့ပါတယ်။

“ဆိုင်ကယ်အကြမ်းပတမ်းမောင်းရတဲ့ တချို့အခန်းတွေပါ ဒီညီလေးကမောင်းနေကြဆိုတော့ပိုင်နိုင်တယ်.. ကျွန်တော်ကခြေလည်း ထိခိုက်ထားတော့ ဆိုင်ကယ်လည်း အမြဲထိတွေ့နေကြမဟုတ်တော့ ကားတွေ၊ဆိုင်ကယ်တွေ သိပ်များတဲ့နေရာတွေမှာ အကြမ်းပတမ်းမောင်းတဲ့အခန်းတွေတော့ နဲနဲမကျွမ်းကျင်လို့ပါ” ဆိုပြီးရေးသားခဲ့ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ပိုင်တံခွန်လို့ထင်ရလောက်အောင် အရပ်အမောင်း၊ဆံပင်တွေပါ တူအောင်လုပ်ထားတာမို့ အဲ့ဒီကြော်ငြာလေးပြီးသွားရင်တော့ ပရိသတ်ကြီးတွေ သတိမထားမိမှာတော့ အသေအချာပါပဲနော်။အပေါ်၊အောက် အကုန်ဆင်တူဝတ်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။