မပြည့်စုံသည့်ကြားက စိတ်ဓာတ်မြင့်မားစွာဖြင့် ရှေ့တန်းမှတိုက်ပွဲဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို သူရဲကောင်းများအဖြစ် ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

တစ်နိုင်ငံလုံးအကျိုး လိုအပ်မှသာ အချို့နေရာများတွင် Community Quarantine လုပ်ကောင်းလုပ်မည်

မပြည့်စုံသည့်ကြားက စိတ်ဓာတ်မြင့် မားစွာဖြင့် ရှေ့တန်းမှ တိုက်ပွဲဝင်နေသည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ ကို အထူးကျေးဇူးတင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ COVID-19 နှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မတ်လ ၃၁ ရက် ညနေ ၆ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် အစီရင်ခံတင်ပြစဉ် ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ် ဓာတ်မြင့်မြင့်မားမားနဲ့ ရှေ့တန်းကတိုက်ပွဲဝင် နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေကို အထူးကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ ၎င်းတို့ဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်း တွေပဲဖြစ်ပါတယ်’’ ဟုဒေါ်အောင် ဆန်းစုကြည်က ဂုဏ်ပြုစကားဆို သည်။ ထို့အပြင် ရပ်ကွက်၊ ကျေး ရွာ၊ အုပ်ချုပ်ရေးမှူးများ၊ အထွေ ထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝိုင်းဝန်းကူညီပေးနေသည့် ပြည် သူအားလုံးကို နိုင်ငံတော်၏ကိုယ် စားကျေးဇူးတင်ကြောင်း အတိုင် ပင်ခံပုဂ္ဂိုလ်ကပြောသည်။

Image may contain: 1 person, standing

COVID-19 ကြောင့် Lockdown (လုံးဝပိတ်နှောင်မှု) နှင့်ပတ်သက်၍ မလုပ်ဆောင်ဟု ယတိပြတ် ပြောကြားခြင်းမရှိ သော်လည်း တစ်နိုင်ငံလုံးအကျိုး လိုအပ်မှသာ အချို့နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (Community Quarantine) ဆောင်ရွက်ကောင်း ဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစုကြည် က အသိပေးသည်။

‘‘ဒီလို ဆောင်ရွက်ရန်ရှိရင် လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စ နစ်တကျ ဆောင်ရွက်နိုင်ဖို့အ တွက် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ် ပါတယ်။ Community Quarantine ဆောင်ရွက်ရန်ရှိရင်လည်း စောနိုင်သမျှစောစော ကြိုတင်ပြီး တော့ အသိပေးပါမယ်။ ပြည်သူ များက နားလည်မှုရှိရှိ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်’’ဟု ၎င်းကဆက်လက် ပြောသည်။

ယင်းနောက် COVID-19 နှင့်ပတ်သက်သည့် စီးပွားရေးအ ကျိုးဆက်များကို တွက်ချက်ပြီး ပြည်သူများ ထိခိုက်နစ်နာမှုအ နည်းဆုံးဖြစ်စေရန် အစိုးရက အ စီအစဉ်များ ချမှတ်ထားကြောင်း နှင့် အလိုအပ်ဆုံး လုပ်ငန်းများအ တွက် ချေးငွေပေးခြင်းကို စတင် နေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။ အလုပ်သမားများကို လုပ်ခ ပေးနိုင်ရန်၊ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရန်ဖြစ်ပြီး COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအ ပေါ် ကုစားရေးလုပ်ငန်းကော်မတီ ကလည်း အချိန်ပြည့်အခြေအနေ များကိုလေ့လာ၍ သင့်လျော်သည့် အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်နေသည်ဟု အတိုင် ပင်ခံပုဂ္ဂိုလ်က သတင်းစကားပါး သည်။

COVID-19 ရောဂါမပြန့် ပွားရန် ပြည်သူတစ်ဦးချင်းစီက တာဝန်သိစိတ်အပြည့်ဖြင့် ဆောင် ရွက်မည်ဆိုပါက ယခုစိန်ခေါ်မှု ကြီးကို ကျော်လွှားနိုင်မည်ဖြစ်ပြီး Quarantine (စောင့်ကြပ်ကြည့် ရှုခံရခြင်း) ၁၄ ရက်နေရသည့် ပြည်သူများကလည်း အများအ ပေါ် စေတနာစိတ်ဖြင့် သည်းခံ ဖြတ်ကျော်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က မေတ္တာရပ်ခံ သည်။ ‘‘Quarantine လုပ်ခံရတဲ့ သူတွေဟာ ရောဂါကူးစက်နိုင်တဲ့ အနေအထားရှိသူတွေ ဖြစ်ပါ တယ်။ ဒီတော့ Quarantine မှာ နေပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရတာဟာ ကိုယ့်အ တွက်လည်း အကျိုးများပါတယ်။ ရောဂါလက္ခဏာ ကြီးပေါ်လာတာ နဲ့ ဆေးကုသမှုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောသိရလို့ ကုသ မှု အောင်မြင်ခြင်းမြင့် မားလာပါ တယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ပါမယ်’’ဟု ၎င်းကဆိုသည်။

COVID-19 ပိုးကို ထိ ရောက်စွာ ကာကွယ်ရန်မှာ ထိ တွေ့မှုများ ရှောင်ကြဉ်ရန်ဖြစ်ပြီး အများနှင့် အနီးကပ်ဖြစ်ရမည့်နေ ရာများ၊ အိမ်တွင်း၊ အိမ်ပြင် လူစု လူဝေး မပြုလုပ်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးသည်။ ‘‘ဒီအချိန်မှာ ဝေးလေ ကောင်းလေးဆိုတဲ့အသိနဲ့၊ ကိုယ့် ကျန်းမာရေးနဲ့ အများကျန်းမာ ရေးကို ဂရုစိုက်ကာကွယ်ပေးကြ ပါ။ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲ နေကြပါ။ အိမ်နေရာထိုင်ခင်း မကျယ်တဲ့မိသားစု ဝင်တွေအ တွက် အခက်အခဲရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့အချိန် ကာလအတိုင်း အတာတစ်ခုအ ထိကို ကျွန်မတို့ပြည်သူတွေ အား လုံးစိတ်ကိုတင်းပြီး အခက်အခဲ တွေကိုသည်းခံကြ’’ ဟု အတိုင် ပင်ခံပုဂ္ဂိုလ်ကပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID-19 နှင့်ပတ်သက် ၍ ပြည်သူသို့အစီရင်ခံတင်ပြခြင်း ကို တတိယအကြိမ်မြောက် ပြော ကြားခြင်းဖြစ်သည်။

ဆဲဗင်းဒေး