We Love Yangon အဖွဲ့သားတွေအတွက် လိုအပ်နေတဲ့ PPE ဝတ်စုံတွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ ဒီနေ့ ဧပြီလ (၁၅)ရက်နေ့မှာတော့ We Love Yangon အဖွဲ့သားတွေအတွက် လိုအပ်နေတဲ့ PPE ဝတ်စုံတွေကို ထပ်မံလှူဒါန်းပေးလိုက်ပြန်ပါတယ်။ စမိုင်းလ်တို့ မိသားစုကတော့ အလှူရေစက်လက်နဲ့ မကွာဆိုသလို အမြဲလိုလိုအလှူအတန်းတွေကို မိသားစုလိုက် စိတ်တူကိုယ်တူ ပြုလုပ်လေ့ရှိကြတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားရတဲ့ Covid -19 ရောဂါပိုးမြန်မာနိုင်ငံမှာ ကူးစက်မှုမဖြစ်ပွားခင်ကတည်းက လိုအပ်နေတဲ့ PPE ဝတ်စုံတွေနဲ့ Mask တွေကိုတတ်နိုင်သမျှလှူဒါန်းပေးနေခဲ့ပြီး Covid-19 ကူးစက်ပြန့်ပွားချိန်မှာလည်း အခက်အခဲနဲ့ ကြုံတွေ့နေရသူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း လူထုအခြေပြု ပရဟိတအဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့သားတွေအတွက် လိုအပ်နေတဲ့ PPE ဝတ်စုံ အစုံ (၅၀)ကို စမိုင်းလ်တို့မိသားစုက ထပ်မံလှူဒါန်းပေးလိုက်ပြန်ပါတယ်။

ပရိသတ်ကြီးရေ စမိုင်းလ်တို့ မိသားစု PPE ဝတ်စုံလှူဒါန်းပေးခဲ့တဲ့ We Love Yangon အဖွဲ့ကတော့ Covid-19 ရောဂါကာကွယ်တားဆီးရေးကာလ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် စားနပ်ရိက္ခာတွေကို မူလဈေးနှုန်းထက် အသက်သာဆုံးဈေးနှုန်းဖြင့် အကျိုးအမြတ်မယူဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ကူညီရေးအစီအစဉ်နဲ့ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။