လူနာအမှတ် (၂၄)က ပေးသော သင်ခန်းစာ

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံရကြောင်း ပထမဆုံးအတည်ပြု လူနာတွေ့ရှိပြီး သုံးပတ်ကျော်ရှိလာချိန်တွင် ရောဂါကူးစက်ကြောင်း အတည်ပြု လူနာ ၇၄ ဦးပင်ရှိလာသည်။ အဆိုပါ လူနာများတွင် လူနာအမှတ် (၂၄) နှင့် ထိတွေသူ အများစုပါဝင်နေသည်။ အစိုးရက ကမ္ဘာ့ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် မတ်လ၁၅ ရက်တွင် ရောဂါဖြစ်ပွားပြီး သေဆုံးမှုများသော တရုတ်၊တောင်ကိုးရီယားနှင့် အီရန်အပါအဝင် ခုနှစ်နိုင်ငံမှလာရောက်သူများကို မြန်မာနိုင်ငံသို့ရောက်ရှိပါက ၁၄ ရက်ကြာ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မတ် ၂၀ ရက်တွင် ရောဂါကူးစက်သေဆုံးမှုများသော အမေရိကန် ၊ဗြိတိန်၊နော်ဝေ စသော ကိုးနိုင်ငံမှ လာရောက်သူများကို ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ (e-visa)ထုတ်ပေးမှု ယာယီ ရပ်ဆိုင်းခဲ့သည်။ ထို့အပြင် မတ် ၂၅ ရက်ကစ၍ ပြည်ပနိုင်ငံများမှ ပြန်လာသူအားလုံး နှစ်ပတ်တာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထပ်တိုးသတ်မှတ်လိုက်သည်။ ထို့အပြင် ထိုင်းနိုင်ငံမှ သိန်းနှင့်ချီ၍ ပြန်လာသော မြန်မာလုပ်သားများသည် နိုင်ငံဒေသအသီးသီးသို့ရောက်ရှိ ပျံ့နှံသွားသဖြင့် ၎င်းတို့တွင် ကိုရိုနာဗိုင်းရပ်စ် ပါလာပါက ကပ်ရောဂါကြီးအသွင်း ကူးစက်ပျံ့နှံ့နိုင်ခြေများသောကြောင့် ထိုင်းရောက်နေရပ်ပြန်လုပ်သားများကို နှစ်ပတ်အသွားအလာကန့်သတ်စောင့်ကြည့်ရန် ညွှန်ကြားခဲ့သည်။

Image may contain: text

ထိုင်းမှနေရပ်ပြန် မြန်မာလုပ်သားအချို့တွင် ရောဂါပိုးတွေ့ရှိခဲ့သော်လည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုနှင့် ထိတွေ့ခဲ့သူများကို စုံစမ်း၍ အသွားအလာကန့်သတ်မှုများကို စနစ်တကျ ဆောင်ရွက်ခဲ့သဖြင့် နေရပ်ပြန်လုပ်သားများမှရောဂါကူးစက်ပျံ့နှံ့မှုမှာ ယနေ့အထိ များစွာမရှိသေးပေ ။ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သောအသက် ၃၂နှစ်အရွယ် စင်ကာပူနိုင်ငံရောက်မြန်မာ အမျိုးသားတစ်ဦးသည် မတ် ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည်။ ပြည်ပနိုင်ငံမှာ လာသူအားလုံးကို နှစ်ပတ်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းသည် မတ် ၂၅ တွင်မှ စခဲ့သလို စင်ကာပူမှာလည်း ရောဂါကူးစက်သေဆုံးမှု ဆိုးရွားသောနိုင်ငံစာရင်းတွင်မပါသဖြင့် ၎င်းသည် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းမခံခဲ့ရပေ ။

ပြန်ရောက်လာပြီး ၁၀ရက်ကျော်သည်အထိ ကျန်းမာရေးကောင်းမွန်ခဲ့သော်လည်း ဧပြီ ၁ ရက်ကစ၍ ဖျားခြင်း၊မောပန်းခြင်းခံစားခဲ့ရပြီး ဧပြီ ၆ ရက်ရောက်သောအခါ လည်ချောင်းနာခြင်း ၊ချောင်းဆိုးခြင်း ကိုပါခံစားရသည်။ ထို့ကြောင့် ဧပြီ ၈ ရက်တွင် မရမ်းကုန်းမြို့နယ် ဒေသန္တရကျန်းမာရေးဌာနသို့သွားရောက်ပြသခဲ့ရာ ထိုမှတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး စောင့်ကြည့်လူနာ သတ်မှတ်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဧပြီ ၁၀ ရက်နံနက်တွင် ထုတ်ပြန်ခဲ့သည်။

“ သူရော၊ သူ့အမျိုးသမီးနဲ့မိသားစုက စင်ကာပူမှာနေထိုင်တဲ့သူတွေဖြစ်တယ်။ မြန်မာနိုင်ငံကို မကြာခဏ လာတယ်။သူက စင်ကာပူကနေ ဒီမှာ ဆေးနှင့်ဆက်စပ်ပစ္စည်းတွေလာရောင်းတဲ့သူလို့ စုံစမ်းသိရှိရတယ်။ သူနဲ့ ဆက်စပ်လို့ဖော်ထုတ်နိုင်တာက သူ့အပေါင်းအသင်းအချို့နဲ့တွေ့တယ်”ဟု မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆေးနှင့်ဆေးဝါးပစ္စည်းမျာ ရောင်းချရန် နေပြည်တော်သို့ လူနာအမှတ် (၂၄) သွားရောက်ခဲ့သည်ဟုပင် သတင်းများလည်းထွက်ပေါ်နေသည်။ သို့သော် ဖြစ်စဉ်ကိုမှု အတည်မပြုနိုင်သေးကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးကပြောပြီး 7Day News အနေဖြင့်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ထို့ကြောင့် လူနာအမှတ် (၂၄) သည် ပြန်ရောက်သည့် မတ် ၁၉ ရက်မှ ဧပြီ ၈ ရက်အထိ ပြင်ပတွင် ၂၁ ရက် ရှိနေခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရှိမှန်းမသိဘဲ ပြင်ပတွင် သုံးပတ်ခန့်ရှိနေခဲ့ခြင်းက ရောဂါပိုး ကူးစက်ပျံ့နှံ့မှုမည်မျှအထိ ရှိနိုင်သည်မှာကြာကြာမစောင့်ရဘဲ ဆက်တိုက်ပင်ပေါ်လာပါသည်။

ဧပြီ ၁၀ ရက် နံနက်ထုတ်ပြန်ချက်မှာပင် လူနာအမှတ် (၂၄)နှင့်အတူ ရောဂါးပိုးတွေ့ရှိခဲ့သော လှိုင်သာယာမြို့နယ်တွင်နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် လူနာအမှတ် (၂၆) အမျိုးသမီးရောဂါ ကူးစက်ခံရမှုမှာလည်း ၎င်းနှင့် ဆက်စပ်ခဲ့သည်။ လူနာအမှတ် (၂၆) သည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ပြည်ပသို့ခရီးသွားခြင်းမရှိသော်လည်း သူမ၏ ခင်ပွန်းသည် လူနာအမှတ် (၂၄) ထံမှ အင်္ကျီလက်ဆောင်သွားယူခဲ့ခြင်းဖြစ်သည်။

” လူနာအမှတ် (၂၆) ရဲ့အမျိုးသားက လူနာအမှတ် (၂၄) ဆီကနေ အင်္ကျီလက်ဆောင် သွားယူခဲ့ တာဖြစ်တယ်။ သွားယူပြီး ပြန်လာတဲ့နောက်ပိုင်းမှာ အဲဒီအမျိုးသားက ဖျားခဲ့တယ်။ နောက်ပိုင်း ပြန်သက်သာသွားတယ်။ အဲဒီလိုဆက်စပ်မှုမျိုးရှိခဲ့တယ်။ ဒါပေမယ့် သူ့အမျိုးသမီးက ဖျားလို့ ရန်ကုန်ဆေးရုံကြီးကို ၈ ရက်(ဧပြီ) မှာ ရောက်တဲ့အခါ ဓာတ်ခွဲစစ်ဆေးကြည့်တော့ ရောဂါပိုး တွေ့ခဲ့ရတာ”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး လှိုင်သာယာမြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်ရူပါစိုး ကရှင်းပြသည်။

No photo description available.

ထို့အပြင် လူနာအမှတ် (၂၄) ထံမှ အင်္ကျီ လက်ဆောင်သွားယူခဲ့သော လူနာအမှတ် (၂၆) ၏ခင်ပွန်းအသက် ၆၅ နှစ်အရွယ်အမျိုးသားမှာလည်း နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှုခံယူပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး လူနာအမှတ် (၆၃) ဟု ကျန်းမာရေးဝန်ကြီး ဌာနက ဧပြီ ၁၅ရက် နံနက်တွင် ထုတ်ပြန်သည်။ လူနာအမှတ် (၂၆) နှင့်ဆက်စပ်၍ ၎င်း၏ မိသားစုအပါအဝင် နေအိမ်တွင်ရှိနေသူ ၁၁ ဦးကို ဧပြီ ၁၃ ရက်က ဓာတ်ခွဲနမှုနာယူ၍ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ လူနာအမှတ် (၂၄) ထံမှ အင်္ကျီလက်ဆောင် သွားယူခဲ့သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားထံတွင်သာ ရောဂါပိုးရှိကြောင်း ဧပြီ ၁၄ ရက်ညပိုင်းတွင် အဖြေရရှိခဲ့သည်ဟု ဒေါက်တာခင်ရူပါစိုးက ရှင်းပြသည်။

လူနာအမှတ် (၂၄)နှင့် (၆၃) တို့နှင့်ဆက်လက်ထိ တွေခဲ့သူများထဲမှ ရောဂါကူးစက်ခံရသူဦးရေမှာ လက်ရှိ အချိန်ထိအများဆုံးဖြစ်သည်။ ၁၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၄ရက် ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့ နှစ်ဦး နှင့်ထိတွေ့ပြီးနောက်ပိုင်း ရောဂါကူးစက်ခံရသူ ၁၁ ဦးသည် ဗဟန်းမြို့နယ်မှ နှစ်ဦး၊ မရမ်းကုန်းမြို့နယ်မှ လေးဦးနှင့် တောင်ဥက္ကလာပမြို့နယ်မှ ခြောက်ဦးဖြစ်သည်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အမည်မဖော်ပြသော်လည်း အသက်နှင့် နေထိုင်ရာ မြို့နယ် ဖော်ပြထားချက်အရ ဗဟန်းမြို့နယ်တွင်နေထိုင်သော နာမည်ကျော်အဆိုတော်အသက် ၄၄ နှစ်အရွယ် မျိုးကြီးမှာလည်း လူနာအမှတ် (၂၄)နှင့်(၆၃) တို့နှင့်ပင်ထိ တွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၁၁ ဦးသည် လူနာအမှတ် (၄၂) မှ (၅၂) အထိဖြစ်၏။ ထို့အပြင် လူနာအမှတ် (၂၄) နှင့်ထိတွေ့မှုရှိခဲ့သူ လေးဦးမှာလည်း ရောဂါပိုးကူးစက်ခံရကြောင်းထပ်မံတွေ့ရှိခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သောအသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၃ နှစ်အရွယ် ရှမ်းပြည်နယ် မိုင်းဖြတ် မြို့နယ်မှအမျိုးသား တစ်ဦး၊ အသက် ၃၁ နှစ်အရွယ် နှင့် အသက် ၃၄ နှစ်အရွယ် မရမ်းကုန်ကုန်းမြို့နယ်တွင်နေထိုင်သူ နှစ်ဦးမှာလည်း ရောဂါပိုး ကူးစက်ခံ ထားရကြောင်း ဧပြီ ၁၄ရက်နှင့် ၁၅ရက်တို့တွင် ထုတ်ပြန်ဖော်ပြချက်၌ပါရှိသည်။

မရမ်းကုန်းမြို့နယ်တွင် လူနာအမှတ် (၂၄) နှင့်ထိတွေ့မှုရှိသဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့သူ စုစုပေါင်း၂၀ ခန့်အနက် ခုနှစ်ဦးမှာ ရောဂါပိုးရှိနေသည်ဟု ဦးထွန်းချစ်က ပြောသည်။ “လူနာအမှတ် (၂၄) နဲ့ဆက်စပ်အတည်ပြုလူနာတွေ များလာတယ်။အဲဒီအတွက် မရမ်းကုန်းမြို့နယ် ထဲမှာ ဒီမနက်(ဧပြီ ၁၅ ရက်မနက်)အထိ စုစုပေါင်း တိုက်ခန်း ၁၆ ခန်းကို Lockdown ချထားတယ်”ဟု မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက လည်းပြောသည်။

ထို့အပြင် လူနာအမှတ် (၂၄) အပြင် လူနာအမှတ် (၃၄) မှ(၃၇) အထိ လူနာများနှင့်ထိတွေ့ခဲ့သော မိုင်းဖြတ်မြို့နယ်မှ အသက် ၂၃ နှစ် အရွယ် အမျိုးသား လူနာအမှတ် (၆၄) နှင့်ထိတွေ့ခဲ့သူများကိုပါ ခြေရာခံ၍ ကန့်သတ်စောင့်ကြည့်ပြီး ပိုးရှိ၊မရှိ စစ်ဆေးရန် ပြင်ဆင်နေသည်။ “ အခုသူ(လူနာအမှတ် ၆၄ )လာတဲ့လမ်းကြောင်းကို လိုက်တဲ့အခါ သူနဲ့ လေယာဉ်အတူတူ စီးခဲ့တဲ့ သူတွေကို အသွားအလာကန့်သတ်ထားတယ်။ နောက် သူနဲ့အနီးဆုံးထိုင်ခုံမှာ ရှိတဲ့သူကိုလဲ ရောဂါပိုးစစ်ဆေးထားတယ်။ နောက်ထပ် အခု သူ့နဲ့အတူနေတဲ့မိသားစုဝင်ခြောက်ယောက်ကို ဓာတ်ခွဲစမ်းသပ်ဖို့ လုပ်နေပါတယ်”ဟု ရှမ်းပြည်နယ် အရှေ့ပိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

ထို့ကြောင့် လူနာအမှတ် (၂၄)နှင့် ထိတွေ့ခဲသူများမှ ရောဂါပိုးတွေ့သူမှာ လူနာအမှတ် (၂၆) ၊(၆၃) မှအစပြုကာ (၁၇) ဦးရှိသည်။ ထို့အပြင်ဝန်ကြီး ဌာနက ဧပြီ ၁၂ ရက်ထုတ်ပြန်ချက်အရ ထပ်တိုးလူနာများဖြစ်သော အင်းစိန်မြို့နယ် တွင်နေထိုင်သည့် လူနာအမှတ် (၃၄) ၊ (၃၅) ၊(၃၆) ၊(၃၇) နှင့် (၄၁) တို့သည် လူနာအမှတ် (၂၄) နှင့်အတူ ဘာသာရေးအခမ်းအနားတစ်ခုကို အတူ တက်ခဲ့ကြဖူးသူများဖြစ်သည်။

အင်းစိန်မြို့နယ်တွင်နေထိုင်ကြသော ဘာသာရေးအဖွဲ့တစ်ခုမှ လူနာများနှင့်ဆက်စပ်၍ ရောဂါပိုး ကူးစက်ခံရသူများမှာလည်း ဆက်တိုက်တိုးနေသည်။ဧပြီ ၁၄ နှင့် ၁၅ ရက်တွင် ထုတ်ပြန်ချက်များ အရ၎င်းတို့ ငါးဦးနှင့် ထိတွေ့ခဲ့သူများထဲမှ ထပ်တိုးလူနာ ၁၀ ဦး ရှိသည်။ အင်းစိန်မြို့နယ်မှ ရှစ်ဦးနှင့် ရွှေပြည်သာမြို့နယ်မှ နှစ်ဦး ထပ်တိုးလာခြင်းဖြစ်၏။ ထပ်တိုးလူနာများတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ပင်ပါပြီး အမျိုးသမီး ခုနှစ်ဦး ၊အမျိုးးသား သုံးဦးဖြစ်သည်။ လူနာအမှတ် (၅၄) မှ (၆၁) အထိနှင့် လူနာအမှတ် (၆၀) ၊ (၇၂) ၊(၇၃) တို့ဖြစ်သည်။

စင်ကာပူပြန် လူနာအမှတ် (၂၄) နှင့်ဘာသာရေးအခမ်းအနားတစ်ခုတွင်အတူ တက်ရောက်ခဲ့သော လူနာအမှတ် (၃၄)၊(၃၅)၊(၃၆)၊(၃၇) နှင့် (၄၁) တို့နှင့်ထိတွေ့ရာမှ ရောဂါ ပိုးထပ်မံကူးစက်ခံရသူ ၁၀ ဦး ရှိသည်။ ထိုကြောင့် ယခုအချိန်ထိ့ လူနာအမှတ် (၂၄) နှင့် ဘာသာရေးအခမ်းအနားအတူ တက်ခဲ့သူ ငါးဦးနှင့် ၎င်းတို့နှင့်ထိတွေ့ရာမှထပ်မံကူးစက်သူ ၁၀ ဦးရှိသည်။ ၎င်းတို့မှာလည်း လူနာအမှတ် (၂၄) မှစတင် ကူးစက်ခဲ့ခြင်းဖြစ်လျင် ၎င်းနှင့်ထိတွေ့ရာမှ ရောဂါဆင့်ပွားကူးစက်သူပေါင်း ၃၂ ဦးရှိသည်။ ၎င်းကိုပါ ထည့်တွက်လျင် ၃၃ဦးရှိပြီး ဧပြီ ၁၅ ရက် နံနက်ပိုင်းအထိနိုင်ငံတွင်း ရောဂါဖြစ်ပွားသူ အားလုံး၏ ထက်ဝက်ခန့်( ၄၄ ရာခိုင်နှုန်းကျော်)ပင်ဖြစ်၏ ။

” လူနာ အမှတ် (၂၄) ကတော့ သူ့ဆီကနေ တစ်ဆင့်ပြီးတော့ ဆင့်ပွားကူးစက်သူများသွားတဲ့ အခြေအနေပေါ့နော်။ ဒါမျိုးက နိုင်ငံတကာမှာလဲရှိတယ်။ အဲဒါကို ဘယ်လိုခေါ်လဲ ဆိုတော့ Super- Spreader ( ကိုယ်တိုင်ရောဂါပိုးကူးစက်ခံရပြီး အခြားသူများသို့ရောဂါပိုးကူးစက်ပျံ့နှံ့မှုအလွန်အားကောင်းသူ)လို့ သုံးတယ်။ အဲဒီလို super-spreader ဖြစ်ဖို့က နံပါတ် (၁ )သူကိုယ်တိုင်ရောဂါ လက္ခဏာမပြရဘူး။ ရောဂါပျိုးချိန်ကလဲ သူများထက်ကြာတယ်။သူ့ရောဂါ လက္ခဏာမပေါ်တဲ့ အခါကြတော့သူလဲသွားလာနေထိုင်မြဲသွားခဲ့တဲ့ပုံစံဖြစ်တယ်။ ကျန်တဲ့သူတွေကလဲ သူ့အပေါ် ယုံကြည်မူရှိတယ်” ဟု ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။ အဆိုပါဖြစ်စဉ်မှ သင်ခန်းစာအနေဖြင့် ရောဂါပိုးဖြစ်ပွားရာဒေသ မှ လာရောက်သူများအနေဖြင့် မိမိကိုယ်ကို သီးခြားနေထိုင်ရမည့် အချက်ဖြစ်ကြောင်းဒေါက်တာ သန်းနိုင်စိုးက အကြံပြုသည်။

ဆဲဗင်းဒေး